ကျွန်တော် ရူပဗေဒမှာ တော်ခဲ့တယ်
ဒါပေမယ့် သင်္ချာကို လုံးဝစိတ်မဝင်စားခဲ့....
ကျွန်တော် လော့ဂျစ်ကို သဘောကျတယ်...
စိတ်ပညာကို လေ့လာတယ်.....။
ဘဝမှာ
အသုံးချဝမ်းကြောင်းနေရတာက
နည်းပညာဆိုတဲ့ အဆုံးမရှိတဲ့ ရေပြင်ကို
ကူးရင်းနဲ့
အိပ်မက်တွေကို ပျော်ပျော်ကြီး မက်ရင်းပေါ့။
လူဖြစ်လာရင်
ပတ်သက်လာရတဲ့
အချစ်၊ အမုန်း ဆိုတာတွေက
ဘဝဆိုတဲ့ ဝေါဟာရပေါ်
သင်္ချာပုစ္ဆာ ကိန်းဂဏန်းတွေနဲ့
ယှဉ်ထိုး တွက်ပြခံရတာ ခဏခဏ။
ကျွန်တော်က
သင်္ချာကို မပစ်ပယ်ခဲ့ဖူးပါဘူး....
စိတ်မဝင်စားတဲ့ ဘာသာရပ်တစ်ခုအနေနဲ့ပဲ
မြင်ခဲ့ရုံပါ။
ကျွန်တော့်အတွက်
အချစ်က သင်္ချာ
ရင်ဆိုင်ရတာက ရင်နာနာ...
ဟောဒီ ညကမ္ဘာမှာ
လကမသာပါဘူးပေါ့။
ဒီတော့......
ကျွန်တော်
သင်္ချာပုစ္ဆာတွေ
အဖြေညှိကြည့်ဦးမယ်
ပေါင်းစပ်ခြင်းသီအိုရီမှာ
အချစ်ကို ထည့်မတွက်ခဲ့တိုင်း
အဲ့ဒါ ဘဝလား။
အချစ်ကိုရင်းလို့
မောင်နှံဘဝတစ်ခုမကြွင်းရင်
ရှံုးနိမ့်ခြင်းသီအိုရီ ဖြစ်ရောလား။
အချိန်နာရီတွေနဲ့
သတိရခြင်းတွေမြောက်တိုင်း
အလွမ်းသီအိုရီဖြစ်တာမှန်သလား။
အလွမ်းသီအိုရီမှာ
သစ္စာတွေ ထပ်ထပ်ပေါင်းရက်နဲ့
နှစ်ကိုယ်တူ နီးစပ်မှုရလဒ်မထွက်ရင်
ရက်စက်မှုမည်ရောလား။
ကျွန်တော်
သင်္ချာစိတ်မဝင်စားခဲ့ပါဘူး
ဒါပေမယ့်.....
စိတ်ဝင်စားတဲ့အရာတွေကိုတော့
သင်္ချာနဲ့ပဲ အဖြေရှာနေရတာ ကြံုရတယ်။
မိတ်ဆွေ
အချစ်က
ရင်နာစေတယ်လို့ အမည်သွင်သလား
"ဘဝသင်္ချာ"လို့ ခေါ်သလား။
လင်းဦး(စိတ်ပညာ)
၁၀-၁၂-၂၀၁၃ (ည ၁ဝး၃၀)