ကျွန်တော် ဂီတကို ငယ်ငယ်လေးကတည်းက ၀ါသနာပါခဲ့ခြင်းဖြစ်သည်။ အဖေက Drum, Guitar , Keyboard, စန္ဒယား၊ ပတ္တလား ၊ဒုံမင်း များတီးတတ်သူဖြစ်ပါသည်။ သို့သော် ကျွန်တော် အဖေနှင့်နေစဉ်အတွင်း အဖေ့ဆီမှ Guitar နှင့် ပတ္တလားသာ အမွေရခဲ့သည်။ ကျွန်တော်ညံ့လို့လဲ ဖြစ်ပါမည်။ ပြီးတော့ အဖေ့အိမ်မှ ခွဲခွာပြီး ရန်ကုန်တွင် ကျောင်းတက်လာရတော့လည်း အဖေ့ဆီက ပညာတွေနှင့် ဝေးကွာခဲ့ရသည်။ ကျွန်တော် အိပ်ရာဝင်တိုင်း အဖေ အမြဲတမ်း ဒုံမင်းတီးကာ ချော့သိပ်လေ့ရှိသည်။ သူကိုယ်တိုင်လည်း သီချင်းတွေ ရေးလေ့ရှိသည်။ ထို့ကြောင့် ငယ်ငယ်ကတည်းက ဂီတလက်သံနှင့် ရင်းနှီးခဲ့ရသည်။ ကိုတိုးကြီး(ခင်မောင်တိုး)၊ စိုင်းထီးဆိုင်၊ကိုင်ဇာ တို့မှာ ကျွန်တော် အလွန်ကြိုက်သော တေးသံရှင်များ ဖြစ်ကြပါ၏။ "ငါ ရန်ကုန်ရောက်ရင် ဂီတလောကထဲမှာ တက်လမ်းရှိတာပဲ" ဆိုပြီး အိပ်မက်များ မက််ခဲ့ရသူဖြစ်သည်။
သို့သော် ရန်ကုန်ရောက်ခဲ့တော့ လူ့တွေရဲ့ ကလိမ်ကျစ်ဉာဏ်များကို ထိတွေ့ခွင့်ရခဲ့သည်။ တစ်ယောက်ပေါ် တစ်ယောက် ရသလောက် အမြတ်ကြီးစားလို့..........။ ဆရာခိုင်ကျော်နှင့် တွေ့ခဲ့ရစဉ် ကျွန်တော် ဆက်လက် သင်ယူခွင့်ရခဲ့သည်။ တစ်ပြိုင်တည်း ကံကောင်းခဲ့သလို တစ်ခါတည်းပင် သီချင်းများ လုပ်စားခြင်း ခံခဲ့ရသည်။ ဆရာကတော့ ဒီလောကအကြောင်းတွေနှင့် ထိုးယှဉ်ကာ နှစ်သိမ့်ခဲ့၏။ ဒါက ကျွန်တော်၏ ဂီတအပေါ် ၀ါသနာ ပါခဲ့ခြင်းပင်ဖြစ်သည်။
ထိုအချိန် ဂီတအပေါ်ဝါသနာပါသည်နှင့်ထပ်တူ စာရေးရသည်ကိုလည်း နှစ်ခြိုက်ခဲ့သည်။ ကျွန်တော်ပုံဖော် စရေးခဲ့သည့် ပထမဦးဆုံးမှာ "ငယ်ချစ်ဦး" ပင်ဖြစ်သည်။ အဲ့အချိန်က"ငယ်ချစ်ဦး"မှာ သီချင်းပင်ဖြစ်ပြီး ကျွန်တော်မှ သီချင်းအား ဇာတ်လမ်းစတင် ရေးခဲ့ခြင်းဖြစ်သည် ။ ယခု City FM တွင် ဇာတ်လမ်းသီချင်းများလိုပင် တူညီနေပေလားဟု ကျွန်တော် တွေးပြံုးမိသေးသည်။
ဆိုရသော်......... ကျွန်တော်အခုအချိန်ထိ ၀ါသနာပါသည့် နှစ်မျိုးစလုံးတွင် စာရေးခြင်းအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နေနိုင်ပြီး ထပ်တူကျနေသလို၊ ဂီတကိုတော့ ဆက်မလုပ်နိုင်ခဲ့...။ လူ့ဘဝသည် ဤသို့ ဤသို့ပင် ဖြစ်ချေသည်ဟုသာ ဖြေသိမ့်ရသည်။ ကိုယ်ရပ်တည်နေသော အခြေအနေနှင့် ဂီတနယ်ပယ်မှာ ဝေးကွာနေရသည်။ ဘယ်လိုပင်ဖြစ်ဖြစ် ကိုယ်ဝါသနာပါရာနှစ်ခုတွင် တစ်ခုသောအရာကို လုပ်နိုင်နေ၍ ကျွန်တော် ၀မ်းသာမိသည်။
၀ါသနာနှင့် ဘဝ ထပ်တူမကျသလို... ထပ်တူကျပြီးလုပ်နိုင်သော စာပေကိုသာ ဆက်လက်ရေးသား နေပါကြောင်း.....................။
ညီငယ် တေလေ က "ကျွန်တော် ၀ါသနာပါသည်"ဆိုပြီး Tag ထားပါတယ်... ကျွန်တော်လည်း အခုမှ ကျန်းမာရေး ကောင်းကောင်းချင်းရေးလိုက်ပါသည်။
လူတိုင်း လူတိုင်းတွင် ၀ါသနာပါရာ တစ်ခုစီတော့ ရှိစမြဲပင် ဖြစ်ပါ၏.. သို့အတွက်ကြောင့်ပင် ခင်မင်ရာ ဘလောဂ်ရေးသူများကို "Tag Game" အလို့ငှာ ထပ်မံကာ မောင်းတီးရပေဦးတော့မည်။
ကိုသင်ကာ(ရေးပြီး)
ကိုဗီလိန် (ရေးပြီး)
ကိုဂစ်တာ
ကိုကေမောင်ငြိမ်း(ရေးပြီး)
ကိုမနောသား(ရေးပြီး)
ကိုမောင်ငယ်(ရေးပြီး)
ကိုအောင်ပိုင်စိုး(ရေးပြီး)
ကိုသက်ပိုင်သူ(ရေးပြီး)
ကိုသီဟသစ်(ရေးပြီး)
ကိုသူရဿဝါ(ရေးပြီး)
ကိုလင်းရမ္မာ
ကိုဇောင်း(ရေးပြီး)
မသက်ဇင်
မနှင်းဆီနက်(ခရီးမသွားမီ အပြီးရေးရန်)(ရေးပြီး)
မဝါ၀ါခိုင်မင်း(ရေးပြီး)
မရွှန်းမီ
ကဗျာဆရာမလေး အိန္ဒြာ (ရေးပြီး)
မဆုငယ်(ရေးပြီး)
မမိုးခါး
အစိမ်းရောင်မိန်းကလေး(ဒုတိယအကြိမ်မြောက်ထပ်ရေးပါရန်)
လင်းဦး(စိတ်ပညာ)

